ယူနိုက်တက်သို့မလာခင် ချယ်လ်ဆီးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ရန်းဂ်နစ်

ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ရက်ဖ်ရန်းဂ်နစ်ဟာ ‘ယာယီနည်းပြအဖြစ် လုပ်ကိုင်လိုခြင်းမရှိတာကြောင့်’ ချယ်လ်ဆီးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ဂျာမန်လူမျိုးနည်းပြကို ယာယီနည်းပြအဖြစ် ၆ လ ခန့်အပ်မှာဖြစ်ပေမယ့် သူဟာ လာမယ့်နှစ်မှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ အတိုင်ပင်ခံအဖြစ်ပါ ဆက်ရှိနေမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ယာယီနည်းပြနေရာအတွက် ရန်းဂ်နစ်အပြင် ဘာစီလိုနာနည်းပြဟောင်း အာနက်စ်တိုဗယ်ဗာဒီ၊ လိုင်ယွန်နည်းပြဟောင်း ရူဒီဂါစီယာတို့နဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။

ချယ်လ်ဆီးကတော့ ဖရန့်ခ်လမ်းပတ်ကို နည်းပြရာထူးက ထုတ်ပယ်ပြီးချိန်က ယာယီနည်းပြအဖြစ်ခန့်အပ်ဖို့ ရန်းဂ်နစ်ကို ဆက်သွယ်ခဲ့တာပါ။

ဒါပေမယ့် သူဟာ ယာယီနည်းပြအလုပ်တခုတည်းကို လုပ်ကိုင်လိုခြင်း မရှိတာကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့တယ်လို့ ကြားသိရပါတယ်။

ချယ်လ်ဆီးကို ငြင်းပယ်ခဲ့တာနဲ့ပတ်သက်ပြီး အသက် ၆၃ နှစ်အရွယ် ဂျာမန်သားက “ကျွန်တော်က (ချယ်လ်ဆီးကို) ‘ကျွန်တော် ခင်များတို့ဆီကိုလာပြီး ခင်များတို့နဲ့ အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ၄ လတည်းတော့ ကျွန်တော် မလုပ်နိုင်ဘူး။ ကျွန်တော်က ယာယီနည်းပြမဟုတ်ဘူး။’ လို့ ပြောခဲ့ပါတယ်။ မီဒီယာတွေနဲ့ ကစားသမားတွေကိုမေးကြည့်ပါ…ခင်များ ၄ လ နည်းပြလုပ်မလား။ သူတို့လည်း ငြင်းမှာဘဲ။” လို့ The Times နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာရှိပါတယ်။

ဒီနောက်မှာတော့ ချယ်လ်ဆီးဟာ သောမက်စ်တူချယ်လ်ကို နည်းပြသစ်ခန့်အပ်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက သူတို့ဟာ နည်းပြသစ် တူချယ်လ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။