ရန်းဂ်နစ်ကြောင့် ယူနိုက်တက်သို့ရောက်လာဖွယ်ရှိတဲ့ လိုက်ပ်ဇစ်ကြယ်ပွင့်

ယူနိုက်တက်ဟာ ရက်ဖ်ရန်းဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တာကြောင့် ယူနိုက်တက်မှာ ကစားလိုတဲ့ RB လိုက်ပ်ဇစ်ကြယ်ပွင့်လေးတယောက်ရဲ့အိပ်မက်က အကောင်အထည်ပေါ်လာနိုင်ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ ရလဒ်တွေဆိုးရွားနေတာကြောင့် ယူနိုက်တက်တို့ဟာ တနင်္ဂနွေနေ့က နည်းပြကြီး အိုလေဂန်းနားဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပါတယ်။

ဝက်ဖို့ဒ်ကို ၄-၁၊ မန်စီးတီးကို ၂-၀၊ လစ်ဗာပူးလ်ကို ၅-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဥ်တွေအပါအဝင် ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဥ် လေးပွဲမှာ သုံးပွဲအထိအရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်ရှစ်နေရာသို့ ရောက်ရှိနေပါတယ်။

ဒါ့ကြောင့် သရဲနီတွေဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ပြီး ရန်းဂ်နစ်ကို ယာယီနည်းပြအဖြစ် ၆ လ ခန့်အပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ရန်းဂ်နစ်ဟာ Amadou Haidara နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည် ပေါင်းစည်းသွားနိုင်ပါတယ်။

ရန်းဂ်နစ်ဟာ ၂၀၁၉ က မာလီလက်ရွေးစင်ကို RB ဆဲလ်ဘာ့ဂ်အသင်းကနေ ပေါင် ၁၇ သန်းနဲ့ RB လိုက်ပ်ဇစ်အသင်းအတွက် ခေါ်ယူပေးခဲ့တာဖြစ်ပါတယ်။ Haidara ကတော့ သရဲနီကစားသမားဖြစ်ဖို့ အိပ်မက် မက်နေသူလည်းဖြစ်ပါတယ်။

သူက “ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းကို အရမ်းကြိုက်ပါတယ်။ သူတို့အသင်းရဲ့ပွဲစဥ်တွေကို အများကြီးကြည့်ဖြစ်ပါတယ်။ ကျွန်တော် အဲ့ဒီမှာကစားဖို့ အိပ်မက်မက်နေပါတယ်။” လို့ ၂၀၁၉ က Bild သို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက Haidara ဟာ RB လိုက်ပ်ဇစ်အသင်းအတွက် အဓိက,ကစားသမားတစ်ဦး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ သူဟာ ဘွန်ဒက်စ်လီဂါပွဲစဥ် ၃၁ ပွဲကစား၊ သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

တကယ်လို့ ရန်းဂ်နစ်သာ သူ့ကို ယူနိုက်တက်သို့ခေါ်ယူမယ်ဆိုပါက ယူနိုက်တက်ဟာ အသက် ၂၃ နှစ်အရွယ် ကြယ်ပွင့်အတွက် နယူးကာဆယ်နဲ့ အဓိက အားပြိုင်သွားရမှာဖြစ်ပါတယ်။ RB လိုက်ပ်ဇစ်ကတော့ Haidara အတွက် ပေါင် ၃၃ သန်း ပြောင်းရွေ့ကြေးသတ်မှတ်ထားပါတယ်။