ဆိုးလ်ရှားကို နည်းပြရာထူးက ထုတ်ပယ်တဲ့အပေါ်မှာ ဖာနန်ဒက်စ်နဲ့ အမြင်တူခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

အိုးလ်ထရက်ဖို့ဒ်ရဲ့ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပေမယ့် မားကပ်စ်ရက်ရှ်ဖို့ဒ်က သူဟာ အိုလေဂန်းနားဆိုးလ်ရှားအပေါ် လေးစားမှုရှိနေဆဲဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

Vicarage Road မှာ ဝက်ဖို့ဒ်ကို ၄-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ၂၄ နာရီအကြာမှာ ယူနိုက်တက်ဟာ ဆိုးလ်ရှားနဲ့ လမ်းခွဲလိုက်တာဖြစ်ပါတယ်။ အဆိုပါပွဲစဥ်အပြီးမှာတော့ ဆိုးလ်ရှားက ပရိသတ်တွေကို လိုက်လံနှုတ်ဆက်ရင်း တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ ရှုံးပွဲအတွက် နော်ဝေလူမျိုးနည်းပြကို ပွဲကြည့်စင်ပေါ်ကနေ လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဆိုးလ်ရှားတစ်ယောက်တည်းအပေါ် အပြစ်မတင်သင့်ကြောင်း၊ ကစားသမားတွေမှာလည်း အပြစ်ရှိကြောင်း ပရိသတ်တွေကို အမူအရာနဲ့ပြသပြီး နည်းပြအပေါ် လေးစားသမှုထားဖို့ တောင်းဆိုခဲ့တာပါ။

ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာဘဲ ဆိုးလ်ရှားရဲ့ သရဲနီနည်းပြဘဝ တခန်းရပ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရပ်ရှ်ဖို့ဒ်က ဆိုးလ်ရှားကို ကစားသမားတွေသာမက ပရိသတ်တွေကပါ ချစ်မြတ်နိုးသင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

BBC Sport နဲ့ အင်တာဗျူးမှာ ရပ်ရှ်ဖို့ဒ်က “အိုလေက မန်ယူနိုက်တက်ရဲ့နှလုံးသားထဲမှာရှိနေတဲ့သူပါ။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော့်အတွက်တော့ သူက လေးစားမှုနဲ့ အများကြီးထိုက်တန်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေတင်မကဘဲ ပရိသတ်တွေကပါ လေးစားရမှာပါ။ ဘရူနို ကွင်းအတွင်းရှိချိန်က ဒါက သူ့ (ဆိုးလ်ရှား) အပြစ်တခုတည်းမဟုတ်ဘူး။ ကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်လို့ ပြောခဲ့တာကို ကျွန်တော် မြင်ယောင်မိပါတယ်။ ဒါက အရေးပါပါတယ်။”

“ပရိသတ်တွေကိုလည်း ကျွန်တော် နားလည်ပါတယ်။ သူတို့က တစ်ခါတစ်လေမှာ နည်းပြကို အပြစ်မြင်ကြပါတယ်။ နည်းပြက ကျွန်တော်တို့အတွက် ကစားပေးလို့မရဘူးလေ။ သူက သူတွေးထားသလို အကောင်းဆုံးနည်းလမ်းနဲ့ကစားဖို့ကိုဘဲ လမ်းပြပေးလို့ရတာပါ။ ဒါကို ကျွန်တော်တို့က လိုက်လုပ်ပြီး ပွဲစဥ်ကိုအနိုင်ရအောင် ကြိုးစားကြပါတယ်။”

“ဒါက ပွဲစဥ်အတွင်း ကျွန်တော်တို့အတွက် ဖြစ်မလာခဲ့ဘူးဆိုရင်လည်း နည်းပြကိုအပြစ်တင်တာက မမှန်ကန်ပါဘူး။”

“ကျွန်တော် အဲ့ဒီအချိန်တုန်းက အဝတ်လဲခန်းသို့သွားတဲ့လမ်းပေါ်ကိုရောက်နေပြီ။ ဘရူနို အဲ့လိုလုပ်တာမြင်တော့ ကျွန်တော် အရမ်းဝမ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့နဲ့လည်းဆိုင်တယ်ဆိုတာ အသိပေးလိုက်သလိုပါဘဲ။ သူ့အပေါ်မှာ လေးစားသမှုထားသင့်ပါတယ်။ လေးစားမှုဆိုတာက အရေးကြီးတဲ့အရာဖြစ်ပြီး ဒါမျိုးက အမြဲတမ်း ရှိနေသင့်ပါတယ်။”

“အိုလေကိုတော့ ကျွန်တော် ဘယ်တုန်းကမှ လေးစားမှုမပျက်ခဲ့ဘူး။”