ဗလာဟိုဗစ်ကို ပေါင်သန်း ၇၀ နဲ့ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို လာမယ့် ဇန်နဝါရီစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၁ နှစ်သားကို စိတ်ဝင်စားလာပြီး သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေပါ စေလွှတ်ထားတယ်လို့ Daily Mail က ဖော်ပြခဲ့တာပါ။

ဆားဘီးယားသားဟာ ၂၀၁၈ က FK ပါတီဇန်အသင်းကနေ ဖီအိုရင်တီးနားသို့ ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့အတွက်တော့ မန်စီးတီးအပါအဝင် ပရီးမီးယားလိဂ်အသင်းကြီးတွေက ချိတ်ဆက်နေတယ်လို့ ကြားသိရပါတယ်။

ဗလာဟိုဗစ်ဟာ ဥရောပရဲ့ ထွန်းတောက်မှုအရှိဆုံး လူငယ်ကစားသမားတွေထဲမှာ တဦးအပါအဝင်ဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားပါတယ်။

ဇန်နဝါရီလမှာ အသက် ၂၂ နှစ်ပြည့်မယ့် တိုက်စစ်မှူးကို အင်္ဂလိပ်ကလပ်တွေနဲ့အပြိုင် ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပါတယ်။ သူ့ရဲ့ တန်ကြေးကတော့ ပေါင်သန်း ၇၀ အထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ ဗလာဟိုဗစ်ဟာ စီးရီးအေပွဲစဥ် ၃၇ ပွဲကစားပြီး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၃ မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ထားပါတယ်။ ဒါ့ကြောင့် အီတလီကလပ်အနေနဲ့ ဆားဘီးယားလက်ရွေးစင်ကို လာမယ့်ဇန်နဝါရီလ သို့မဟုတ် နွေရာသီမှာ အသင်းက ရောင်းချသွားမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စပိန်အင်အားကြီးကလပ် ဘာစီလိုနာဟာ ဇန်နဝါရီမှာ ယူနိုက်တက်တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Sports Mole က ဆိုထားပါတယ်။

လာလီဂါကလပ်ကတော့ သူတို့ရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကာဗာနီနဲ့ ချယ်လ်ဆီးက တီမိုဗာနာတို့ကို ပစ်မှတ်ထားနေတာပါ။

နည်းပြသစ်ဖြစ်လာတဲ့ ဇာဗီဟာ အသင်းတိုက်စစ်ပိုင်းအတွက် အတွေ့အကြုံရင့်တဲ့ တိုက်စစ်မှူးတဦး အလိုရှိနေတယ်လို့ သိရပါတယ်။

ကာဗာနီကတော့ ပြီးခဲ့တဲ့အပတ်တွေက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီအကုန်မှာ အိုးလ်ထရက်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာဟာ ဥရုဂွေးဂိုးသွင်းမုဆိုးကြီးကို ဇန်နဝါရီမှာ ပေါင် ၅ သန်းလောက်နဲ့ခေါ်ယူဖို့ ချဥ်းကပ်လာခဲ့တာပါ။

ယူနိုက်တက်သို့ ၂၀၂၀ အောက်တိုဘာလကရောက်လာတဲ့ ကာဗာနီဟာ ပြိုင်ပွဲစုံ ၄၇ ပွဲကစားပြီး ၁၈ ဂိုး သွင်းယူပေးထားပါတယ်။