မန်ယူအသင်းဆီ ဆရာဖြစ်သူ ရန်းဂ်နစ် ရောက်လာလို့ မပျော်ရွှင်ဘူးလို့ ကလော့ပ် ဝန်ခံ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ သူ့ရဲ့ လက်ဦးဆရာ တဦး ဖြစ်သူ ရန်းဂ်နစ် တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတာကြောင့် မပျော်နိုင်ဘူးလို့ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ မတည်ငြိမ်တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နာမည်ကြီး ကစားပုံတခု ဖြစ်တဲ့ Gegen Press ကစားပုံကို စတင် တီထွင်ခဲ့သူ အဖြစ် သတ်မှတ်ခံထားရတဲ့ ရန်းဂ်နစ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Goal

လက်ရှိ နာမည်ကြီး ဂျာမန်နည်းပြတွေ ဖြစ်တဲ့ ဂျာဂင်ကလော့ပ် ၊ သောမတ်စ် တူချယ် ၊ နစ်ဂယ်စမန်းတို့ရဲ့ သင်ဆရာ ၊ မြင်ဆရာ အဖြစ် သတ်မှတ်ခံထားရတဲ့ ရန်းဂ်နစ်ဟာ နည်းစနစ်ပိုင်းမှာ ထူးချွန်သူ တဦး ဖြစ်သလို ကစားသမား ခေါ်ယူမှုအပိုင်းမှာလည်း အတော်လေးကို အကွက်မြင်တဲ့လူပါ။

ဒါကြောင့်ပဲ ရန်းဂ်နစ်ကို ရရှိလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်နေပြီး ဒေါ့မွန်အသင်းမှာ ရှိနေစဉ်က ရန်းဂ်နစ်ဆီ ကနေ Gegen Press ကစားပုံကို သွားရောက် သင်ယူခဲ့ဖူးတဲ့ ဂျာဂင် ကလော့ပ်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရန်းဂ်နစ် ရောက်ရှိလာတာက သူတို့အသင်း အပါအဝင် ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေ အတွက် ကောင်းတဲ့အရာ တခု မဟုတ်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Goal

ကလော့ပ်က – “ကျွန်တော်တို့ အတွက် ကံမကောင်းတာ တခု ကတော့ ထိပ်တန်း နည်းပြတဦးဟာ အင်္ဂလန်နိုင်ငံဆီ ၊ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်လာတာပါပဲ။ ရန်းဂ်နစ်က အတွေ့အကြုံ ပြည့်ဝတဲ့ နည်းပြတဦး ဖြစ်သလို အသင်းနှစ်သင်းကိုလည်း တည်ဆောက်နိုင်ခဲ့သူပါ။ သူ ရောက်လာတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းပိုင်းက သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ ဒါကြောင့် ရန်းဂ်နစ် တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်လာတာက ကျန်တဲ့ အသင်းတွေ အတွက် သတင်းကောင်း တခုတော့ မဟုတ်ပါဘူး” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။