ဆိုးလ်ရှားမရခဲ့တဲ့ ပစ်မှတ်ကစားသမားကို ရန်းနစ်တစ်ယောက် ခေါ်ပေးနိုင်မယ်လို့ ယုံနေတဲ့ ဘုတ်အဖွဲ့

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့အနေနဲ့ အသင်းရဲ့ ယာယီမန်နေဂျာသစ် ရာ့ဖ် ရန်းနစ်က လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်နေဂျာဟောင်း အိုလေ ဂန်းနား ဆိုးလ်ရှားရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းလိမ့်မယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။

ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းကို ရောက်ကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၇၀အတွင်း ၇၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းကြီးတော်တော်များများရဲ့ ပစ်မှတ်ကစားသမားအဖြစ် အလျင်အမြန်ထပ်ဖြစ်လာခဲ့ပြန်ပါတယ်။

အဆိုပါ နော်ဝေးသားလေးရဲ့ ခြေစွမ်းက ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေကို စွဲဆောင်နေပြီး ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီတို့လိုအသင်းတွေပါ အဆိုပါအသင်းကြီးတွေထဲ ပါဝင်နေတာပါ။ အဆိုပါအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း တစ်သင်းအပါအဝင်ဖြစ်နေပါတယ်။

ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားလက်ထက်မှာတုန်းက သူ့ရဲ့ ကစားသမားဟောင်းကို ခေါ်ယူဖို့အတွက် အတော်လေးနီးစပ်ခဲ့ပြီးမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ ကပ်လွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ ထိုစဉ်က ဆဲလ်ဘတ်အသင်းက ထွက်ခွါဖို့အတွက် ကြိုးပမ်းနေချိန်ဖြစ်ပြီး ဒေါ့မွန်အသင်းက ယူနိုက်တက်ထက် လက်ဦးမှုရယူကာ ခေါ်သွားနိုင်ခဲ့တာပါ။

Sunday Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၆၃ သန်းတန် စာချုပ်ပါလျော်ကြေးဟာ အသက်ဝင်လာမှာဖြစ်ပြီး အသင်းကြီးတွေကလည်း အဲ့ဒါကိုပဲ အပြိုင်အဆိုင်ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

အဆိုပါ ဖော်ပြချက်အရ ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ ရန်းနစ်နဲ့ ဟာလန်းတို့အပြင် ဟာလန်းရဲ့ ဖခင်နဲ့ အပေါင်းလက္ခဏာသက်ရောက်တဲ့ ဆက်ဆံရေးတွေကြောင့် နော်ဝေးသားကို အိုးလ်ထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့နိုင်ရန်အတွက် စည်းရုံးတဲ့အပိုင်းမှာ အဓိကအခန်းကဏ္ဍကနေ ရန်းနစ်တစ်ယောက် ပါဝင်နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဟာလန်းအနေနဲ့ မိုလ်ဒီကနေ ဆဲလ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့တုန်းက ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရန်းနစ်အနေနဲ့ ထိုစဉ်ကတည်းက ဟာလန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်ကစားသမားအနေနဲ့ ရန်းနစ်ရဲ့ ဆဲလ်ဘတ်အသင်းမှာ ၁၂ လတာပဲ ကစားရသေးချိန်မှာ ဆိုးလ်ရှားရဲ့ တိုက်ရိုက်ချဉ်းကပ်မှုကို ပယ်ချခဲ့ပြီး ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။ ဟာလန်းတစ်ယောက် ရန်းနစ်နဲ့ ပြန်လည်လက်တွဲနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။