ရန်းဂ်နစ်ကြောင့် ယူနိုက်တက်မှာ အခွင့်အရေးများများစားစား ရရှိလာနိုင်တဲ့ တဲလက်စ်

ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့နှစ်က အဲလက်စ်တဲလက်စ်ကို ပေါင် ၁၅ သန်းနဲ့ ပေါ်တိုအသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

တဲလက်စ်ဟာ ဂါလာတာစရေးနဲ့ အင်တာမီလန်အသင်းတို့မှာကစားပြီး အတွေ့အကြုံကောင်းတွေ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်သားဟာ ပေါ်တိုအသင်းနဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း တောက်ပခဲ့တာကြောင့် ယူနိုက်တက်က သူ့ကို ခေါ်ယူခဲ့တာပါ။

အသက် ၂၈ နှစ်သားဟာ သာမာန်ဘယ်ခံစစ်မှူးတဦးတော့မဟုတ်ပါဘူး။

သူဟာ ယုံကြည်မှုရှိပြီး ပြိုင်ဖက်ဧရိယာထဲမှာ အန္တရာယ်အပေးနိုင်ဆုံး ဘယ်ခံစစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ တဲလက်စ်ဟာ ပေါ်တိုအသင်းအတွက် ၁၉၅ ပွဲကစားပြီး ၂၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာချိန်မှာတော့ လုခ်ရှောက ခြေစွမ်းကောင်းတွေ ပြသလာတာကြောင့် တဲလက်စ်ကို အိုလေဂန်းနားဆိုးလ်ရှားက အရန်ကစားသမားအဖြစ်သာ အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ်ဘောလုံးရာသီမှာတော့ ရှော အပါအဝင် ယူနိုက်တက်ခံစစ်မှူးအများစုက ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေပါတယ်။

နယူးကာဆယ် (၂၉ ဂိုး) နဲ့ နော်ဝှစ်ချ် (၂၇ ဂိုး) တို့ကသာ ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်ထက် ပေးဂိုးများတဲ့အသင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ပြီး ရက်ဖ်ရန်းဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။

ဟယ်ရီမက်ဂွိုင်းယားက ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေသူဖြစ်ပြီး ရှောနဲ့ အေရွန်ဝမ်ဘစ်ဆာကာတို့ကလည်း ခြေစွမ်းကောင်းပြသဖို့ ရုန်းကန်နေရပါတယ်။

သရဲနီတွေရဲ့ ယာယီနည်းပြသစ်ဖြစ်လာမယ့် ရန်းဂ်နစ်ကတော့ ရှောကို သဘောကျတဲ့နည်းပြမျိုးမဟုတ်ပါဘူး။ ဒါ့ကြောင့် လာမယ့်ပွဲစဥ်တွေအတွက် တဲလက်စ်က ဘယ်ခံစစ်မှာ အခွင့်အရေးများများစားစား ရရှိလာနိုင်တာပါ။

ရှော ရှိနေပေမယ့် ရန်းဂ်နစ်က ပြီးခဲ့တဲ့ဘောလုံးရာသီက ယူနိုက်တက်တို့အနေနဲ့ နောက်ထပ် ဘယ်ခံစစ်မှူးတဦး ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့တာရှိပါတယ်။

“ဘယ်ခံစစ်နေရာအတွက် သူတို့ တခုခု လုပ်သင့်ပြီလို့ ကျွန်တော်ထင်ပါတယ်။” လို့ ရန်းဂ်နစ်က ပြောကြားခဲ့ပါတယ်။ “သူတို့မှာ လုခ်ရှောရှိတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် လိုအပ်တဲ့အနေအထားမျိုး သူ့မှာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။” လို့ သူက ပြောကြားခဲ့တာပါ။

ရှောနဲ့ပတ်သက်ပြီး ဂျာမန်လူမျိုးနည်းပြကြီးရဲ့ ပြောစကားတွေကြောင့် အင်္ဂလန်ခံစစ်မှူးဟာ ယူနိုက်တက်မှာ နေရာပျောက်နိုင်ဖွယ်ရှိပြီး တဲလက်စ်အနေနဲ့ အခွင့်အရေး ရလာနိုင်ပါတယ်။